အမျိုးသားတစ်ယောက်က မိုင်(၂၀၀)အကွာမှာ
နေထိုင်တဲ့ သူ့မိခင်ထံ ပန်းတစ်ချို့မှာပြီး ဆိုင်ကို
ပို့ခိုင်းမယ်လို့ ရည်ရွယ်ရင်း ပန်းဆိုင်တစ်ဆိုင်ရှေ့မှာ ကားရပ်လိုက်ပါတယ်။
သူ ကားထဲက ထွက်လိုက်တဲ့အချိန်
ပလက်ဖောင်းပေါ်မှာ ရှိုက်ငိုရင်း ထိုင်နေတဲ့
ခပ်ငယ်ငယ် ကလေးမလေးတစ်ယောက်ကို
သတိပြုမိလိုက်တယ်။
"ဘာဖြစ်လို့ ငိုနေတာလဲ" လို့ ကလေးမလေးကို သူမေးလိုက်တော့ -
"ကျွန်မ မေမေအတွက် နှင်းဆီနီတစ်ပွင့် ဝယ်ချင်လို့၊ ကျွန်မမှာ (၇၅) ဆင့်ပဲရှိတယ်။ နှင်းဆီပန်းတစ်ပွင့်က နှစ်ဒေါ်လာကြီးများတောင်..."
ကလေးမလေး အဖြေကြားတော့ သူပြုံးပြီး -
"ငါနဲ့ အထဲ လိုက်ခဲ့၊ မင်းကို နှင်းဆီပန်းတစ်ပွင့်
ဝယ်ပေးမယ်"
ကလေးမလေးကို နှင်းဆီပန်းတစ်ပွင့် ဝယ်ပေးပြီး သူ့မိခင်အတွက်လည်း ပန်းတွေမှာခဲ့တယ်။ အဲဒီနောက် ကလေးမလေးကို ကားကြုံခေါ်တင်လာပြီး သူ ရပ်ခိုင်းတဲ့ နေရာ ရပ်ပေးလိုက်တော့ ကလေးမလေးက ဆိုတယ်။
"ကျေးဇူးပြုပြီး ကျွန်မ မေမေကို နှင်းဆီပန်း ကိုယ်တိုင်ပေးပေးပါလား"
ကလေးမလေး ညွှန်ပြတဲ့ နေရာကြည့်လိုက်တော့ အုတ်ဂူတစ်ခု...။
အဲဒီကအထွက် အမျိုးသားက အိမ်မပြန်ဘဲ ပန်းဆိုင်ကိုလှည့်သွားခဲ့တယ်။ ပြီးတော့ သူ့မိခင်ထံ ပို့ဆောင်ပေးဖို့ အမှာကိုရုတ်သိမ်းပြီး ပန်းစည်းကို ကိုယ်တိုင်ယူရင်း မိုင်(၂၀၀)အကွာက သူ့မိခင်အိမ်ဆီ မောင်းနှင်ခဲ့ပါတော့တယ်။
(မှတ်ချက် ။ ။ ဘဝဆိုတာ တိုတိုလေးပါ။ အဲဒီအချိန်ကာလအတွင်း သင်ချစ်တဲ့သူ၊ သင့်ကို ချစ်ခင်တဲ့သူတွေကို အချိန်များများ ပေးလိုက်ပါ။ သိပ်နောက်မကျခင် သူတို့နဲ့ အတူတူပျော်ရွှင်စွာ ဖြတ်သန်းပါ။ မိသားစုထက် ပိုအရေးကြီးတဲ့ အရာဆိုတာ မရှိပါဘူး။)
Saturday, June 11, 2016
မေ့မေ့အတွက် နှင်းဆီ
Sunday, April 10, 2016
ဖုတ်ကောင် အပိုင်း၆
ဦးသိပ္ပမှာလည်း နောက်ကျသည့်ခြေထောက် သစ္စာဖောက် ဆိုသည့်အတိုင်း အနောက်သို့မကြည့် လွတ်ကင်းရာသာ ပြေးလေရာ ဖုတ်ကောင်ကြီးမှာလည်း လှုပ်ရှားနေသည့် သားကောင်များ၏အနောက်သို့ သုံးပေကျော်မျှ ခုန်ပေါက်နိင်ခဲ့ကာ လိုက်နေလေခဲ့သည်။ ထို့နောက် အနောက်ဆုံး၌ပြေးနေခဲ့သော ဒီပအား ဖုတ်ကောင်ကြီးမှာ ဖမ်းမိသွားခဲ့ပြီး လည်ပင်းမှသွေးကြောမကြီးအား ကိုက်ဖဲ့စုတ်ယူလေတော့သည်။ ဒီပအား သွေးစုတ်ယူလျက် ဖုတ်ကောင်ကြီးမှာ သွေးဝသွားလေသလား။ အမှောင်ထုအတွင်းသို့ ဝင်ရောက်သွားခဲ့ချေသည်။ သေချာလေပြီး ။ ထိုတစ်ကြိမ်ဟာ ဒုတိယအကြိမ်မြောက် ဖုတ်ကောင်ကြီး လွတ်မြောက်သွားခဲ့ခြင်းပင် ဖြစ်ချေသည်။
''ဟာ … ဒီပ သေပြီလားမသိဘူး … ဆရာကြီး''
''ဟေ့ကောင်တွေ မပြေးနဲ့တော့ … ''
''ပြေးမှဖြစ်မယ် ဆရာကြီး … မပြေးရင် ကျုပ်တို့အားလုံး သေကုန်လိမ့်မယ်''
''ဟာကွာ … ကြေးစားလူမိုက်တွေလုပ်ပြီး ကြောက်နေလိုက်ကြတာ … မင်းတို့ပထွေး ဖုတ်ကောင်မရှိတော့ဘူး သွားပြီ''
''ဟင် … ဆရာကြီးတကယ်ပြောတာနော်''
''ဟာကွာ … ငါတော့ တပည့်မွေးတာ လူမှားပြီနဲ့ထင်တယ်''
''ဟာဗျာ… ဆရာကြီးကလဲ ဒီလောက်ကြောက်စရာကောင်းတဲ့ သတ္တဝါကြီးကို ကျုပ်တို့တစ်ခါမှမမြင်ခဲ့ဖူးဘူး … ဟူး … မောလိုက်တာဗျာ''
''လာလာ … ဒီပကတော့ ဒုက္ခဖြစ်ပြီ''
မိမိ၏ဆာလောင်နေသော သွေးသာလျင် စုတ်ယူတတ်ပြီး ဖုတ်ကောင်ကြီးမှာ အမှောင်ထုအတွင်းသို့ ထွက်ခွာသွားချေခဲ့သည်။ ဒီပတစ်ယောက်မှာတော့ ဖုတ်ကောင်ကြီး၏ သွေးစုတ်ခြင်းခံလိုက်ရပြီး အမှောင်ထုတစ်နေရာ၌ လဲကျနေလေခဲ့သည်။ မိမိ၏အားကိုးရဆုံးသော တပည့်ဖြစ်သူဒီပ လဲကျနေသည့်နေရာဆီသို့ အသက်ရှင်လျက်ကျန်နေခဲ့သော တပည့်ဖြစ်သူများနှင့် ဦးသိပ္ပတစ်ယောက် လျင်မြန်စွာအရောက်လှမ်းသွားခဲ့ချေသည်။ ထို့နောက် မြေပြင်ပေါ်၌ လဲကျနေခဲ့ပြီး အသက်မော့မော့ကျန်နေသေးသည့် ဒီပအား ဆရာဖြစ်သူဦးသိပ္ပတစ်ယောက် စိတ်မကောင်းစွာနှင့် ပွေ့လိုက်ပြီး
''ဒီပ … ဒီပ … ဖြစ်မှဖြစ်ရလေကွာ''
''ဆ … ဆ … ဆရာ ကျုပ် … ကျုပ် … ကျုပ်ကိုအမြန်သတ်ပေးပါ …''
''ဒီပ အားတင်းထားပါဦး … တပည့်ကြီး ဒီပ''
''ဆရာ … ဆရာပြောတာတွေကို ကျုပ်သိထားတယ် … ကျုပ်သေသွားရင် ဖုတ်ကောင်ဖြစ်လာလိမ့်မယ် ကျုပ်ဖုတ်ကောင်အဖြစ်ချင်ဘူးဗျာ … ကျုပ်ကိုသတ်ပါ''
''ဒီပရယ် … မင်းကိုငါ မကာကွယ်ပေးနိုင်ခဲ့ဘူး … ငါ့ကိုခွင့်လွတ်ပါကွာ''
''ဆ … ဆရာ !… ''
ပြောချင်လှသည့် စကားများစွာ ဒီပ၏ရင်ထဲ၌ရှိနေလေသလား၊ ဆရာဖြစ်သူအား မိမိ၏စကားတစ်ချို့ပြောခဲ့ချင်သေးသည်။ သို့သော် ပြောဆိုခွင့်မရ ဒီပတစ်ယောက်မှာတော့ ဆရာဖြစ်သူဦးသိပ္ပ ၏ လက်ဝယ်အတွင်း၌သာ အသက်ပျောက်ကွယ်သွားလေတော့သည်။ ဝမ်းနည်းမိ၏။ လူမိုက်တွင်လည်း နှလုံးသားနှင့်ပါ။ သုတေသနလုပ်ငန်းများအား အယောင်ပြ၍ လောဘကြီးစွာနောက်ကွယ်မှ မကောင်းမှုများအား ဆရာတပည့်နှစ်ယောက် နှစ်ပေါင်းများစွာအတူတကွ ပူးပေါင်းလုပ်ဆောင်ခဲ့ဘူးသည်။ ယခုအခါ နာရီပိုင်းအတွင်း၌ မိမိ၏အရှေ့မောက်တွင် ဒီပတစ်ယောက် ရုတ်တရက် သေခွဲခွဲသွားခဲ့သည်ကြောင့် ဦးသိပ္ပတစ်ယောက် အချိန်ကြာကြာ မည်သည့်စကားမှ မပြောနိုင် ငြိမ်သတ်စွာဝမ်းနည်းနေခဲ့ရသည်။
''ဆရာ … ဆရာ … ဒီပအလောင်းနဲ့ ကားပေါ်က အလောင်းတွေကို ဘယ်လိုလုပ်မှာလဲ သူတို့ဖုတ်ကောင်ဖြစ်လာရင် ကျုပ်တို့အားလုံးသေကုန်လိမ့်မယ်''
''ငါသိပါတယ်ကွာ … သွား … ဟိုဝါးရုံတောက ဝါးတစ်ချောင်း သွားခုတ်ချည် … ပြီးရင် အရှည်တစ်တောင်လောက် ဝါးချွန်အမြန်ဆုံးလုပ် သူ့တို့အလောင်းတွေရဲ့ နှလုံးတည့်တည့်ကို ဝါးချွန်နဲ့ထိုးထားမှဖြစ်မယ် … အဲ့ဒါမှဖုတ်ကောင်ရဲ့အဆိပ်တွေ မပြန့်နိုင်တော့မှာ''
''ဟုတ် … ဟုတ်ကဲ့ဆရာ''
ဦးသိပ္ပပြောဆိုစေခိုင်းသည့်အတိုင်း တပည့်ဖြစ်သူများမှာ အနီးရှိဝါးရုံပင်များမှ ဝါးချောင်းများအား ခုတ်စေကာ အရှည်တစ်တောင်ကျော်မျှရှိသော ဝါးချွန်များအား လျင်မြန်စွာပြုလုပ်စေခဲ့ပြီး သေဆုံးသူများ၏ နှလုံးတည့်တည့်နေရာတွင် ထိုးထားမည်ဖြစ်သည်။ သို့မှသာလျင် ဖုတ်ကောင်၏သွေးစုတ်ခြင်းခံလိုက်ရသော သူ၏တပည့်များမှာ ဖုတ်ကောင်အဖြစ်သို့ ပြောင်းလဲလာမည်မဟုတ်တော့ချေ။ ထို့ကြောင့် သေဆုံးပြီးသူအလောင်းများအား ဝါးချွန်စိုက်၍ ဦးသိပ္ပနှင့်သူ၏တပည့်များမှာ လွတ်ရာသို့သာ လျင်မြန်စွာ လျောင်ပြေးသွားလေတော့သည်။
အချိန်ကား ည(၂:၀၀)ကျော်မျှ ရှိနေခဲ့ပြီး။ ဧည့်ခံအောင်ပွဲ၌ မိမိတို့အားလုံး ဆေးခပ်ခံလိုက်ရပြီး ပြန်လည်သတိရလာခဲ့သည့် လူငယ်ခြောက်ယောက်နှင့် မှော်ဆရာကြီးမှာ လသာရွာတွင်ကျန်ရစ်နေခဲ့သော အစီရင်ဓားအားပြန်လည်ယူဆောင်ရန် စခန်းအတွင်းရှိဆိုင်ကယ်များအား ယူဆောင်မောင်းနှင်လျက် လသာရွာဆီသို့ ဦးတည်လာနေခဲ့သည်။ ကျွန်းအခေါင်းကြီးအား မည်သူများခိုးယူသွားခဲ့သနည်း။ မိမိ၏လုံခြုံစွာစီရင်ထားသော အစီရင်များအား ဖျက်စီးသွားခဲ့သည်ကြောင့် မကြာခင်အချိန်၌ပင် ကျွန်းအခေါင်းကြီးအတွင်းမှ ဖုတ်ကောင်ကြီးဟာ လွတ်မြောက်သွားတော့မည်မှာ မလွဲချေ။
ဒုတိယအကြိမ်မြောက် ဖုတ်ကောင်ကြီးအားဖမ်းစည်းရမည်ဆိုလျင် မိမိတို့တွင်လည်း ပြန်လည်ဖမ်းစီးရန်အတွက် လုံလောက်သော ပစ္စည်းများမရှိတော့ချေ။ ဖုတ်ကောင်ကြီးသည်လည်း မည်သည့်နေရာဆီသို့ အခိုးခံရသနည်းမသိ။ ထို့ကြောင့် လသာရွာဆီသို့ ဦးတည်မောင်းနှင်လာရင်း ရွာတောင်ပိုင်းဝင်ပေါက်အနားသို့ အရောက်
''ဟင် … အရှေ့မှာ ကြည့်ကြစမ်း''
တန်ခိုး၏အနောက်၌ လိုက်ပါဆင်းနင်းလာသော မှော်ဆရာကြီးမှာ ဝင်ပေါက်အတွင်းသို့ မျော်ငေးကြည့်မိလိုက်ရင်း လဲကျသေဆုံးနေသည့် ဒီပ၏အလောင်းအား မြင်တွေ့လိုက်ရလေသည်။
သို့နှင့်ဆိုင်ကယ်အား ရပ်တန့်ရန်ပြောဆိုလျက် ကိုယ်ဆီမောင်းနှင်လာသော ဆိုင်ကယ်များအားလုံးသည်လည်း ထိုနားတွင်သာ ရပ်တန့်သွားခဲ့ချေသည်။ သို့နှင့် ဆိုင်ကယ်အပေါ်မှ မှော်ဆရာကြီးတစ်ယောက် ဖြေညင်းသောခြေလှမ်းတို့ဖြင့် လဲကျနေသည့် အလောင်းနားဆီသို့ လှမ်းသွားချေခဲ့သည်။ ထို့နောက်အသင့်ပါလာသော လက်နှိပ်ဓာတ်မီးဖြင့် မျက်နှာအား ထိုးကြည့်လိုက်ပြီး အံ့သြသွားသည့် လေသံဖြင့်
''ဟင် … ဝိတ်တာတစ်ယောက်ပါလား''
မှော်ဆရာကြီး၏အနောက်တွင် ကပ်လျက်ပါလာသော လူငယ်ခြောက်ယောက်သည်လည်း မှော်ဆရာကြီး၏ စကားသံကြောင့် ထိုသူ့အား စူးစိုက်စွာကြည့်မိလိုက်သည်။ ထိုသူဟာ ဧည့်ခံပွဲ၌ မိမိတို့အား စားသောက်ပွဲများစွာ သိမ်းဆည်းရှင်းလင်းပေးသော ဝိတ်တာတစ်ဦးပင်ဖြစ်ချေသည်။ ဝိတ်တာအယောင်ဆောင်ထားခဲ့သော ဦးသိပ္ပ ၏ တပည့်ဒီပဟု လူငယ်ခြောက်ယောက်နှင့် မှော်ဆရာကြီးမှာ မရိပ်စားမိခဲ့ချေ။
''ဘယ်လိုဖြစ်ပြီ အသက်ခံလိုက်ရတာလဲ''
မှော်ဆရာကြီးနှင့်မိတ်ဆွေများ မြင်တွေ့လိုက်ရသည်က သေဆုံးသူ ဒီပ၏အလောင်းအား ဝါးချွန်ဖြင့်ထိုးထားခဲ့သည်ကြောင့် သူတို့၏အမြင်၌ ဝိတ်တာလေးအား တစ်စုံတစ်ယောက်သတ်သွားသည်ဟု ထင်မြင်မိသည်။ ထို့နောက် မှော်ဆရာကြီးမှာရဲတင်းစွာဖြင့် ဒီပ၏အလောင်းအား သေချာစွာကြည့်လိုက်ပြီး
''ဟာ … ဖုတ်ကောင်အကိုက်ခံလိုက်ရတာပဲ''
''ဘယ်လိုဦးလေး … ဖုတ်ကောင်အကိုက်ခံလိုက်ရတာ ဟုတ်လား''
''ဟုတ်တယ် ဒီမှာကြည့်လေ!''
ခန္ဓာကိုယ်ဟာဖြူဖက်နေခဲ့ပြီး ဓာတ်မီးရောင်အောက်၌ နီးမြန်းနေသော အသားအရည်အား မြင်တွေ့လိုက်စဉ်မှ မှော်ဆရာကြီးဟာ ဖုတ်ကောင်၏လက်ချက်သာလျင် ဖြစ်လိမ့်မည်ဟု ထင်မိခဲ့သည်။ ပိုမို၍သေချာအောင် အလောင်း၏လည်ပင်းအား ကြည့်လိုက်လေရာ ဖုတ်ကောင်ကြီး၏လက်ချက်ဖြင့် သေဆုံးသွားခဲ့ကြောင်း ကောင်းစွာသိရှိသွားခဲ့ချေသည်။
''ဟင် … ဦးလေး … ဒါဆိုဖုတ်ကောင်ကြီးကို သူတို့တွေခိုးသွားတာဖြစ်မယ် … ဒီနေရာမှာ ဘာဖြစ်လို့သေနေရတာလဲ … မဟုတ်မှလွဲရော ဒီရွာတောင်ပိုင်းဝင်ပေါက်ကနေ အဝေးပြေးလမ်းမပေါ်ကို ဖြတ်မယ်နဲ့ထင်တယ်''
''သိပ်ဟုတ်တာပေါ့ … ဒီမှာကားဘီးယာတွေ ''
''ဦးလေး … အရှေ့နားကိုလဲကြည့်စမ်း''
ခန့်မှန်းမိချေခဲ့သည်။ ပတ်ဝန်ကျင်အနေအား အကဲခတ်ကြည့်လိုက်ပြီး ကားကြီးဘီးရာများအား မြင်တွေ့ခဲ့ရသည်။ ထို့နောက် မသည်းမကွဲလရိပ်အောက်၌ လူငယ်တစ်ဦး၏ လက်ညိုးညွန်ပြရာဆီသို့ အားလုံးကြည့်မိလိုက်သည်နှင့် ဖုတ်ကောင်ကြီး၏လက်ချက်ဖြင့် သေဆုံးသွားခဲ့သော ဦးသိပ္ပ ၏ တပည့်သုံးဦးအား ခပ်လှမ်းလှမ်းတွင် မြေပြင်ပေါ်၌ ထပ်မံတွေ့ရှိလိုက်ရသည်။ ကားကြီးပေါ်၌သေဆုံးသွားခဲ့သော မိမိ၏တပည့်များအား ဦးသိပ္ပတစ်ယောက်မှာတော့ ဖုတ်ကောင်အဖြစ်သို့ မကူးပြောင်းသွားစေရန် ပြုလုပ်ထားခဲ့ပြီး အလောင်းများအား မြေပြင်ပေါ်၌ ထားရစ်စေခဲ့သည်။ မှော်ဆရာကြီးနှင့် သူ၏မိတ်ဆွေလူငယ်များမှာ ထိုသူများအား လူသားများဟု မထင်မိသေးချေ။ မသည်းမကွဲဖြစ်နေသည်ကြောင့် ထိုအနားသို့ အပြေးလှမ်းသွားကြခါ အလောင်းများအား အကဲခတ်ကြည့်မိစေခဲ့သည်။ သေချာလေပြီး။ ထိုသူများသည်လည်း ဖုတ်ကောင်ကြီး၏ သွေးစုတ်ခြင်းခံလိုက်ရသူများ ဖြစ်ပေသည်။
''ဟင် … ဝိတ်တာတွေပုံစံနဲ့ မတူဘူးလို့ အစ်ကိုအောင်ပြောတဲ့ သူတွေပါလား … ဒါဆိုသေချာသွားပြီးဦးလေး … ဒီလူတွေဖုတ်ကောင်ကြီးကို ခိုးသွားတာပဲ''
''ဘာဖြစ်လို့ သူတို့ရင်ဘတ်မှာ ဝါးချွန်တွေစိုက်နေရတာလဲ''
''အင်း !… ငါ့အထင် အဝေးပြေးလမ်းမပေါ်ကို မရောက်သေးခင် ဒီနားမှာဖုတ်ကောင်ကြီး လွတ်သွားတာဖြစ်မယ် … ပြီးတော့ လွတ်သွားတဲ့ဖုတ်ကောင်က သူတို့အားလုံးကို သွေးစုတ်ခဲ့တာပဲ ဒီရင်ဘတ်မှာစိုက်နေတဲ့ ဝါးချွန်တွေက သူတို့အားလုံးသေပြီးတော့မှ ဖုတ်ကောင်ရဲ့အဆိပ်တွေ မပြန်နိုင်အောင် ထိန်းချုပ်တဲ့အနေနဲ့ တစ်ယောက်ယောက်က ထိုးထားခဲ့တာပဲ''
''ဒါဆိုဦးလေး … သူတို့တွေက ဖုတ်ကောင်ကြီးအကြောင်းကို ကောင်းကောင်းသိထားတဲ့ သူတွေပေါ့ ဟုတ်လား''
''သိပ်ဟုတ်တာပေါ့ … ဒါကြောင့် ဖုတ်ကောင်ရဲ့အဆိပ်တွေကို ထိန်းသွားနိုင်ခဲ့တာ''
''ဒါဆို … သုတေသနပညာရှင် ဦးသိပ္ပတို့အဖွဲ့များ ဖြစ်နေမလားမသိဘူး''
''အစ်ကိုအောင်ပြောတာဖြစ်နိုင်တယ် … ဘာဖြစ်လို့ဆိုရင် ရဲအရာရှိတွေ မိထားတဲ့ဆေးက ဆရာဝန်တွေမှာတောင် မရှိနိုင်ဘူးလ်ို့ဦးလေးပြောတယ် … ဟုတ်တယ် ဦးသိပ္ပတို့အဖွဲ့ပဲဖြစ်ရမယ်''
''တောက် ! … ဒီလူကြီးကွာ ! … ဘာဖြစ်လို့ အခုလိုတွေလုပ်နေရတာလဲ … သူ့ကြောင့်အားလုံး ဒုက္ခရောက်ကြတော့မယ်''
''မောင်တန်ခိုး စိတ်အေးအေးထား … ငါတို့အားလုံးကို သတ်လို့ရရဲ့သားနဲ့ ဆေးပဲခပ်ထားခဲ့တာဆိုတော့ ဦးသိပ္ပကစိတ်ကောင်းရှိတဲ့သူ တစ်ယောက်ပဲဖြစ်ရမယ် … ဖုတ်ကောင်ကြီးနောက်ကွယ်က ရတနာတွေကို လောဘတတ်ပြီး ရဲတွေဆီက ဖုတ်ကောင်ကြီးကိုပြန်လုသွားတာ''
''ဟင် … ဖုတ်ကောင်ကြီးနောက်ကွယ်မှာ ရတနာတွေရှိတယ် ဟုတ်လားဦးလေး''
''အေး … အဖိုးမဖျက်နိုင်လောက်အောင် တန်ဖိုးကြီးတဲ့ ရှေးဟောင်းရတနာမြေပုံရှိတယ် … ကဲထားပါ နောက်မှအားလုံး ငါပြောပြမယ်''
''ဒါဆို အခုဖုတ်ကောင်ကြီးလွတ်သွားတာ သေချာသွားပြီးပေါ့ဟုတ်လားဦးလေး''
''အေး … သေချာတယ် … ကဲ အချိန်မရှိဘူး … ဒီအလောင်းတွေကို မြန်မြန်သဂျိုးမှဖြစ်မယ်''
''ဟုတ်ကဲ့ဦးလေး … ရွာထဲမှာလဲ ရွာသားတွေသိပ်မရှိကြဘူး တစ်ခြားရွာတွေမှာပြောင်းနေကြတယ်လို့ ကိုမောင်ဝင်းပြောတယ် … ရှိတဲ့ရွာသားတွေကလဲ စခန်းမှာ''
''ဟုတ်ပြီ ဒါဆိုမိုးမလင်းခင် သဂျိုမှဖြစ်မယ် မနက်လင်းတာနဲ့ ရွာထဲမှာရှိတဲ့ရွာသားတွေကို ရွာလူကြီးသေသွားတဲ့အကြောင်း ပြောပြမယ် … ပြီးရင် ဖုတ်ကောင်ကြီးဘယ်နေရာကို ရောက်နေလဲဆိုတာ ငါတို့သိမှဖြစ်မယ်''
အခြေအနေအမျိုးမျိုးအား ဆက်စပ်ကြည့်လျက် ဖုတ်ကောင်ကြီးအား ခိုးယူသွားသူမှာ သုတေသနပညာရှိ ဦးသိပ္ပသာလျင်ဖြစ်မည်ဟု တွေးမိထားချေသည်။ ထို့နောက် သေဆုံးနေသောအလောင်းများအား ရွာတောင်ပိုင်းဝင်ပေါက်နားတွင်သာ မီးရှို့သဂျိုးစေရန် စတင်လုပ်ဆောင်လေကြတော့သည်။
***
ဖုတ်ကောင်အဖြစ်သို့ ကူးပြောင်းသွားခဲ့သည့် ဇနီးသည်ကေသရီဟာ ညဦးပိုင်းအချိန်ကတည်းမှ ထွက်ခွာသွားခဲ့သည်ကြောင့် ဆန်းလေးတစ်ယောက်မှာ တစ်ရွာလုံးအနံ့ လိုက်လံရှာဖွေနေလေခဲ့သည်။ သိပ်ချစ်ရ၏ ဇနီးသည်အား။ ထို့ကြောင့် ရှာဖွေနေရသည်မှာ မျက်ရည်များနှင့် တိတ်ဆိတ်ငြိမ်သတ်နေသည့် ရွာအတွင်းသို့ မည်သည့်အန္တရယ်တစ်ခုမျှ ဂရုမစိုက်တော့ပဲ ဇနီးသည်၏အမည်ကိုသာ တမ်းတလျက်အော်ခေါ်နေမိတော့သည်။ ဇနီးသည်ဟာ ဖုတ်ကောင်တစ်ပိုင်းသာလျင် ရှိနေသေးသည်။ ရွာလူကြီး၏ပြောစကားကြောင့် မိမိတို့၏ရွာလေးဆီသို့ မှော်ဆရာကြီးနှင့် လူငယ်ငါးဦးရောက်ရှိနေသည်ဟု သိထားရသည်။ ထိုသူတို့သာလျင် မိမိ၏ဇနီးသည်အား ပြန်လည်၍ကုသပေးမည်ဆိုလျင် လူကောင်းပကတိအတိုင်း ပြန်လည်ကောင်းမွန်လာမည်မှာ မလွဲချေ။ သို့မဟုတ်ပဲ ယခုကဲ့သို့ ဖုတ်ကောင်တစ်ပိုင်း အခြေအနေမျိုးနှင့်သာ ရွာသားများတွေ့ရှိသွားပါက ဇနီးသည်အား ဖုတ်ကောင်ဟုသတ်မှတ်စေပြီး သတ်ဖြတ်ကြမည်မှာလဲ မလွဲချေ။ ထို့ကြောင့် စိုးရိမ်စိတ်များနှင့် ဆောင်းညလယ် လရိပ်အောက်အလင်းရောင်၌် ဇနီးသည်အား နေရာအနံ့လိုက်လံရှာဖွေနေလေခဲ့သည်။
မှော်ဆရာကြီးနှင့် လူငယ်များသည်လည်း သေဆုံးနေသောအလောင်းများအား ရွာတောင်ပိုင်းဝင်ပေါက်၌ မီးရှို့သဂျိုးနေခဲ့ပြီး ရွာမြောက်ပိုင်းမှ ရွာတောင်းပိုင်းလမ်းအတိုင်း ဇနီးဖြစ်သူအား ရှာဖွေနေသည့် ဆန်းလေးတစ်ယောက် ထိုသူများအား အဝေးမှမြင်တွေ့လိုက်ရသည်။
''ဟင် … လူစိမ်းတွေပါလား … သူတို့ဘာလုပ်နေကြတာလဲ ငါတို့ရွာထိပ်မှာ ဘာဖြစ်လို့မီးတွေရှို့နေရတာလဲ … ဟင် … လူသေတွေပါလား … ဟာ … ကေ … ကေ … ကေ့ကိုသူတို့သတ်လိုက်ကြပြီပဲ''
အထီးကျန်စွာခြောက်ကပ်နေခဲ့သည့် ရွာတောင်ပိုင်း၌ လူသေအလောင်းများအား မီးပုံအတွင်းသို့ သဂျိုးနေခဲ့သည့် မှော်ဆရာကြီးနှင့် လူငယ်များအား ဆန်းလေးတစ်ယောက်မှာ မြင်တွေ့ခဲ့ရပြီး။ မိမိ၏စိတ်အစွဲမှာ ရွာသူရွာသားများဟာ ဇနီးဖြစ်သူအား သတ်ပစ်ကြမည်ကို အင်မတန်မှစိုးရိမ်နေရသည်။ ထို့ကြောင့် စိတ်အစွဲဖြင့် မသည်းကွဲမြင်ခဲ့ရပြီး မိမိ၏ဇနီးသည်အား ထိုသူများသတ်ပစ်လိုက်ကြပြီဟု ထင်မှတ်ခါ တစ်စုံတစ်ခုသော အန္တရယ်အားကာကွယ်နိုင်ရန် ယူဆောင်လာသော လက်အတွင်းမှ ဓားအားကျစ်ကျစ်ပါအောင်ဆုပ်လျက် ထိုသူများဆီသို့ အပြေးဝင်လေတော့သည်။ မိမိ၏ဇနီးသည်အား သတ်ဖြတ်ခဲ့သည့် ထိုသူများအား ဆန်းလေးတစ်ယောက် အရှင်ထားမည်မဟုတ် ပြန်လည်၍သတ်ပစ်မည်ဟု ရည်ရွယ်လျက် မီးပုံအနားတွင်ရှိနေသော လူငယ်တန်ခိုးအား ရုတ်တရက်အပြေးဝင်ရောက်လာခါ ဓားဖြင့်ခုတ်လေတော့သည်။
သိုင်းသမားပီသလှသည်။ အချိန်ပြည့်သာလျင် ကြားနေရသည့်နားအား စွင့်ထားခဲ့သည့် တန်ခိုးတစ်ယောက်မှာတော့ မိမိအားနောက်ကျောမှခုတ်လိုက်သည့် ဆန်းလေး၏ဓားချက်အား လျင်မြန်စွာရှောင်တိမ်လိုက်နိုင်သည်။ မိမိ၏ဓားချက်ဖြင့် လွဲချော်သွားသော ဆန်းလေးတစ်ယောက်မှာလဲ ထပ်မံ၍ခုတ်လေပြန်သည်။
''ဟာ … ဟေ့လူ … ဟေ့လူ … ဘာလုပ်တာလဲ''
ထို့နောက် အဝေးမှရှိနေသော မှော်ဆရာကြီးနှင့်ကျန်လူငယ်များ ထိုမြင်ကွင်းအား မြင်တွေ့သွားခဲ့ပြီး တန်ခိုးအနားသို့ လျင်မြန်စွာအပြေးရောက်လာခဲ့သည်။ အချစ်စိတ်များဟာ သိပ်ချစ်တတ်သည့် လူသားတစ်ယောက်အား ရူးသွပ်သွားစေနိုင်သည်။ ဇနီးသည်မရှိတော့လျင် မိမိသည်လည်း အသက်မရှင်ချင် ထို့ကြောင့် မည်သည့်အန္တရယ်မှ ဂရုစိုက်မနေတော့ပဲ သေမထူးနေမထူးသာ ဆန်းလေးတစ်ယောက် စိတ်အရူးပေါက်ခဲ့ပြီး တန်ခိုးအား ဓားဖြင့်အကြိမ်ပေါင်းများစွာ ခုတ်ပိုင်းနေလေခဲ့သည်။ ကိုယ်ခံပညာအား ကျွမ်းကျင်စွာတတ်မြောက်ထားသည့် တန်ခိုးမှာတော့ ဆန်းလေး၏ဓားချက်များအား ကောင်းမွန်စွာရှောင်တိမ်းနိုင်ခဲ့ပြီး အဆုံး၌ဆန်းလေးတစ်ယောက် တန်ခိုး၏တိုက်ခိုက်မှုအောက်တွင် လဲကျအရှုံးပေးစေခဲ့ရသည်။ ထို့နောက် လဲကျသွားသည့် ဆန်းလေးအား တန်ခိုးတစ်ယောက်မှာတော့ လည်ပင်းပေါ်တွင် ချေထောက်ထောက်ထားလျက်
''ဟေ့ကောင် … မင်းဘယ်သူလဲ … ဘာလို့ငါ့အသက်ကို ရန်ရှာရတာလဲ''
''တန်ခိုး !… သူငယ်ချင်း … မလုပ်နဲ့ဦး … သူ့ကို ထခွင့်ပေးလိုက်ပါ''
သူငယ်ချင်းဖြစ်သူ ထီကလေး၏ ပြောစကားကြောင့် မြေပြင်ပေါ်၌လဲကျနေသော ဆန်းလေးအား ကြမ်းတမ်းစွာ ဆွဲထူလျက် လက်ပြန်တုတ်ထားစေသည်။ ဆန်းလေးနှင့်ကေသရီ စတင်ခိုးပြေးလာသည့် အချိန်၌ ထီးကလေးနှင့်အတူ တန်ခိုးတို့ဟာ ဆုံတွေ့ခဲ့ဘူးသည်။ ထိုအစဉ်မှ ဆန်လေးဟာ လူငယ်လူရွယ် သန့်သန့်ပြန့်ပြန့်ဖြစ်ပြီး ယခုအခါ ပင်ပန်းပူဆွေးမှုများနှင့် ပေတေနေသည်ကြောင့် ထီးကလေးနှင့်တန်ခိုးမှာ ဆန်းလေးအား ကောင်းစွာမမှတ်မိချေ။
''ဟေ့ကောင် … မင်းဘယ်သူလဲ''
''ခင်ဗျားတို့ … ခင်ဗျားတို့ … ခင်ဗျားတို့ကျုပ်မိန်းမကို သတ်ပစ်တယ် ခင်ဗျားတို့ကို အရှင်မထားဘူး ကျုပ်ပြန်သတ်မယ်''
''မင်းမှားနေပြီ … မင်းမိန်းမကို ငါတို့မသိဘူး သတ်လဲမသတ်ဘူး … ''
ဇောတတ်နေသည့် ဆန်းထွန်းပိုင်ဟာ လူငယ်များနှင့်မှော်ဆရာကြီး၏ မျက်နှာအား ကောင်းစွာမကြည့်နိုင် နှုတ်မှထိုသို့သာလျင် တရက်ဆက်ပြောဆိုနေခဲ့သည်။ မိမိ၏ဇနီးအား မသတ်ပါဟု ပြောဆိုလိုက်သော ထီးကလေး၏စကားသံအား ကြားလိုက်ရသည်နှင့် ဆန်းထွန်းပိုင်မှာ ထိုသူ၏မျက်နာအား ကြည့်မိချေခဲ့သည်။ ထိုအသံဟာ သူတစ်ယောက် ကောင်းစွာကြားခဲ့ဘူးသည်။ နှလုံးသားထဲ၌ သေချာစွာမှတ်မိနေခဲ့သည်။ မိမိနှင့်မိမိချစ်သူ အန္တရယ်ကြုံနေရသည့် အချိန်၌ကယ်တင်ဆုံးမခဲ့ဘူးသော လူတစ်ယောက်၏အသံပင်ဖြစ်ပြီး ယခုအခါမှ ဆန်းထွန်းပိုင်မှာ ထိုသူအား ကောင်းစွာမှတ်မိချေတော့သည်။
''ဟင် … အစ် … အစ်ကို''
ထို့နောက် အက်ကွဲနေသည့်လေသံနှင့်အတူ အားကိုကြီးစွာဖြစ်သွားလျက် ထိုသို့တမ်းတခေါ်လိုက်သည်။ ဆန်းထွန်းပိုင်၏ ခေါ်သံကြောင့် ထီးကလေးတစ်ယောက်မှာလဲ မျက်မှောင်အားကျုတ်လျက် တည်ငြိမ်လှသော လေသံဖြင့်
''မင်းဘယ်သူလဲ''
''အစ်ကို ကျွန်တော့ကိုမမှတ်မိဘူးလား … ကျွန်တော်နဲ့ကျွန်တော့ချစ်သူ ခိုးပြေးလာတဲ့ညက အစ်ကိုတို့နဲ့ဆုံခဲ့ဘူးတယ်လေ … ဓားပြတွေလက်ထဲကနေ ကျွန်တော်တို့နှစ်ယောက်ကို အစ်က်ုတို့ကယ်ပေးခဲ့တာလေ … ဆန်းထွန်းပိုင်လေ အစ်ကို … မမှတ်မိဘူးလား''
''ဟင် … ဟာ … ဆန်းထွန်းပိုင်''
''ဟုတ် … ဟုတ်တယ်လေ အစ်ကို … မှတ်မိပြီလား''
ကောင်းစွာမှတ်မိချေခဲ့၏ ။ မိမိကျူရှင်ဆရာ၏သားဖြစ်ပြီး မိမိအား ထိုလူငယ်လေးပျောက်ဆုံးနေခြင်းနှင့် ပတ်သတ်ပြီး ဝိုင်းဝန်းရှာပေးရန် ဆရာဖြစ်သူမှ အကူညီတောင်းထားခဲ့သည်။ ယခုအခါ ထိုလူငယ်လေးအား ထိုရွာလေး၌ အမှတ်မတင်ဆုံတွေ့လိုက်ရသည်ကြောင့် အံ့သြနေမိသည်မှာ သေချာလှသည်။
''ဟာ … ဖြစ်မှဖြစ်ရလေကွာ … တန်ခိုး ဆန်းလေးကိုတွေ့ပြီ''
''မင်း … ဟုတ်ပါရဲ့ ဘယ်လိုဖြစ်ပြီး ဒီရွာကိုရောက်နေရတာလဲ … မင်းအဖေက မင်းကိုနေရာအနံ့မှာ လိုက်ရှာနေတယ် … မင်းတို့နှစ်ယောက်ကိုလဲ မခွဲတော့ဘူးလို့ ငါတို့အားလုံးကို ကတိပေးထားတယ် … မင်းဒီရွာမှာ ရှိမနေသင့်ဘူး အန္တရယ်များတယ် ရန်ကုန်ကိုအမြန်ဆုံးပြန်ပါ''
''ဟုတ်တယ်ဆန်းလေး … မင်းမိန်းမရော အခုဘယ်မှာလဲ''
''ကျွန် … ကျွန်တော့မိန်းမ … ဖုတ်ကောင်ကိုက်ခံရလို့ အခုဖုတ်ကောင်တစ်ပိုင်းဖြစ်နေပြီ … ညနေက ကျွန်တော့ကိုသွေးစုတ်ဖို့ ရန်ရှာရင်းနဲ့ အသိစိတ်ဝင်လာပြီး အိမ်ကနေ ထွက်သွားခဲ့တယ် … အခုဘယ်ရောက်နေလဲမသိပါဘူးဗျာ … အဲ့ဒါကြောင့် သူ့ကိုကျွန်တော်လိုက်ရှာနေရတာ''
''ဘာ … ဘယ်လို … မင်းမိန်းမ အခုဖုတ်ကောင်ဖြစ်နေပြီ ဟုတ်လား''
''ဟုတ်တယ် … ကျွန်တော့ကေ့ကို သိပ်ချစ်တယ် သူနဲ့မခွဲနိုင်ဘူး … သူသေရင် ကျွန်တော်လည်း လိုက်သေမှာ … ဖုတ်ကောင်လုံးလုံးမဖြစ်သေးဘူးအစ်ကို … တစ်ခါတစ်ခါ ပုံမှန်စိတ်ပြန်ဝင်လာတယ် … ဖုတ်ကောင်တစ်ပိုင်းဖြစ်သွားတာ … ဒီရွာမှာသောင်းကြမ်းနေတဲ့ ဖုတ်ကောင်ကြီးကို ဖမ်းပေးတဲ့ လူငယ်ငါးယောက်နဲ့မှော်ဆရာကြီးကို ကျွန်တော်တွေ့ချင်တယ် … သူတို့တစ်ခုခုလုပ်ပေးနိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ် … အဲ့လိုမဟုတ်ပဲ အခုလိုအခြေအနေမျိုးနဲ့ ရွာသားတွေတွေ့သွားရင် ကေ့ကိုသတ်ပစ်ကြလိမ့်မယ်''
''ကောင်းပြီး … မင်းမိန်းမအကြောင်း ဒီကဦးလေးကို အကုန်လုံးပြောပြ … သူအကူညီပေးနိုင်လိမ့်မယ်''
''သူလဲမကူညီနိုင်ပါဘူးဗျာ … မှော်ဆရာကြီးကိုပဲ ကျွန်တော်တွေ့ချင်တာ''
''ဟုတ်ပါပြီကောင်လေး … ငါ့ကိုအရင်ပြောပြ … ပြီးရင် မင်းသိပ်တွေ့ချင်နေတဲ့ လူငယ်ငါးယောက်နဲ့မှော်ဆရာကြီးဆိုတာကို ငါခေါ်ပေးမယ်''
''ဦးလေး တကယ်ပြောတာနော် … ''
''အင်း! … ''
ဆန်းထွန်းပိုင်၏မျက်နှာပြင်၌ ပူဆွေးဝမ်းနည်းမှုများနှင့် ပြည့်နှပ်နေလေခဲ့သည်။ မိမိနှင့်ဇနီးဖြစ်သူတို့၏ အကြောင်းများအား အကြောင်းစုံပြောဆိုလျက် လူငယ်ငါးယောက်နှင့် မှော်ဆရာကြီးမှာလည်း ကြေကွဲစရာ ဇနီးမောင်နှံနှစ်ဦး၏ အကြောင်းအား သိရှိသွားစေခဲ့သည်။ ထို့နောက် မိမိတို့ဟာ လူငယ်ငါးဦးနှင့် မှော်ဆရာကြီးပင်ဖြစ်ကြောင်း ပြောဆိုလျက် ဖုတ်ကောင်တစ်ပိုင်းအဖြစ်သို့ ရောက်ရှိနေခဲ့သော ကေသရီအား တတ်နိုင်သမျှပြန်လည်ကောင်းမွန်လာစေရန် ကုသပေးမည်ဟု ပြောဆိုလေတော့သည်။ ဆန်းလေးတစ်ယောက်သည်လည်း မိမိအားအကူညီပေးနိုင်လိမ့်မည်ဟု ယုံကြည်ခဲ့သော လူငယ်ငါးဦးနှင့်မှော်ဆရာကြီးအား ဆုံတွေ့လိုက်ရသည်ကြောင့် လွန်စွာဝမ်းသာနေခဲ့ပြီး ဇနီးဖြစ်သူပြန်ရောက်လာမည့် အချိန်ကိုသာ စောင့်စားမျှော်လင့်နေခဲ့သည်။ သို့သော် ယခုမိုးစင်စင်လင်းသည့်အထိ ဇနီးဖြစ်သူကေသရ်ီမှာ မိမိထံသို့ပြန်လည်၍ ရောက်ရှိမလာခဲ့ချေ။
မိုးစင်စင်လင်းသည်နှင့် ရွာထဲ၌ကျန်ရစ်နေခဲ့သော ရွာသူရွာသားတစ်ချို့အား စိတ်မကောင်းစွာဖြင့် ရွာလူကြီးတစ်ယောက် အသက်ခံလိုက်ရပြီးဟု မှော်ဆရာကြီးတစ်ယောက် ပြန်လည်ပြောဆိုခဲ့သည်။ မိမိတို့၏အရှေ့၌ မားမားမတ်မတ်ရပ်တည်ခဲ့သည့် ရွာလူကြီးတစ်ယောက် သေဆုံးသွားခဲ့သည်ကြောင့် ရွာသားများမှာလည်း မျက်ရည်များကျလျက် ဝမ်းနည်းနေခဲ့ရသည်။ ထို့နောက် ရဲအရာရှိများအားလုံးသည်လည်း အိပ်ဆေးများမိ၍ (၂၄)နာရီတိတိ အိပ်မောကျနေလိမ့်မည်။ ထို့ကြောင့် စခန်းအတွင်းရှိ ရွာလူကြီး၏အလောင်းအား င်္သဂျိုစေကာ ရဲအရာရှိများအိပ်ဆေးပြေကာ ပြန်လည်နိုးလာမည့်အထိ ရွာသူရွာသားများအား စခန်းအတွင်း၌ စောင့်ကြည့်ပေးရန် တောင်းဆိုလျက် မှော်ဆရာကြီးနှင့်လူငယ်ခြောက်ဦးမှာတော့ ရွာတောင်ပိုင်းပတ်ဝန်ကျင်တွင်သာ ဖုတ်ကောင်ကြီးလွတ်မြောက်သွားခဲ့ပြီးဟု တွက်ဆလျက် ယနေ့ညအဖို့ စောင့်ကြည့်ကြမည်ဟု ပြောဆိုခဲံ့သည်။ သို့နှင့် မှော်ဆရာကြီးအကြံပေးသည့်အတိုင်း ရွာသားများသည်လည်း အပိုင်စခန်းဆီသို့ အရောက်သွားခါ ပြင်းထန်လှသော အိပ်ဆေးမိ၍အိပ်ပျော်နေကြသည့် ရဲအရာရှိများအား စောင့်ကြည့်နေခဲ့ကြသည်။
တစ်နေ့တာကုန်ဆုံးတော့မည် ဇနီးဖြစ်သူကေသရီတစ်ယောက် မိမိထံသို့ပြန်လည်၍ ရောက်ရှိမလာခဲ့ချေ။ လွန်စွာစိတ်ပူမိသည်။ စိတ်အေးအေးထားရန် လူငယ်များနှစ်သိမ့်လျက် ကေသရီတစ်ယောက် ပြန်လည်ကောင်းမွန်လာလိမ့်မည်ဟု အားပေးစကားများစွာ ပြောဆိုထားချေသည်။
''ဦးလေး … မနက်က ကျုပ်တို့သင်္ဂျိုခဲ့တဲ့ အလောင်းတွေက ဖုတ်ကောင်ကြီးရဲ့ လက်ချက်ဖြစ်နိုင်ပါ့မလား … ဟို … ကေသရီရဲ့ လက်ချက်ရော မဖြစ်နိုင်ဘူးလား''
''မဖြစ်နိုင်ဘူး … အကိုက်ရာကိုကြည့်ရင် ငါသိတယ် … ဖုတ်ကောင်ကြီးလက်ချက်ဆိုတာ သေချာတယ် … ''
''ဖြစ်မှဖြစ်ရလေဗျာ … ဟာသတစ်ခုအနေနဲ့ ဆိုရရင် ဖုတ်ကောင်ကြီးနဲ့ ဒီလသာရွာနဲ့ ရေစက်ရှိတယ်နဲ့ထင်တယ် … ဒီရွာဆီကို ပြန်ရောက်လာတယ်နော်''
''မင်းပြောသလို ဒီရွာပတ်ဝန်းကျင်မှာပဲ ဖုတ်ကောင်ကြီးရှိနေတယ်ဆိုရင်တော့ ကောင်းတာပေါ့ကွာ … မဟုတ်ပဲ … တစ်ခြားတစ်နေရာမှာဆိုရင်တော့ မလွယ်ဘူး''
''ဖုတ်ကောင်ကြီးဒီရွာပတ်ဝန်းကျင်မှာပဲ ရှိနေတယ်ဆိုရင် ဒီညအတွက်ကရော ! … ''
''သိပ်သေချာတဟ် … သူရောက်လာလိမ့်မယ်''
''ဒါဆိုကျုပ်တို့တွေက !… ''
''ထပ်ဖမ်းရဦးမှာပေါ့ကွ … ''
''ဘယ်မှာတုန်း ကြိုတင်ပြင်ဆင်မှုတွေ … ကျူပ်တို့ဘယ်လိုဖမ်းမှာလဲ … ''
''စိတ်ချပါ … လူကြံရင် ဘာခံနိုင်မှာမို့လို့လဲ … တတ်မရှိပေမယ့် လက်နဲ့လှော်မယ် … ''
''ကြိုက်တယ်ဦးလေး … ''
ကြုံးဝါးထား၏။ မည်သည့်ကြိုတင်ပြင်ဆင်မှု တစ်ခုမျှမရှိတော့ချေ။ ဖုတ်ကောင်ကြီးအား ပြန်လည်ဖမ်းနိုင်မည့် လက်နတ်ပစ္စည်းများလည်း မရှိတော့။ သို့သော်ဇွဲမလျော့ ထိုတစ်ကြိမ်သာ ဖုတ်ကောင်ကြီးအား ဖမ်းမိလျင် မည်သူ့စကားမှ နားမထောင်ပဲအပျက်သာလျင် ရှင်းပစ်တော့မည်။
***
Aung soe moe