နောင်တမျက်ရည်.................။
ကျွန်မမောင့်ကို သိပ်ချစ်ပါတယ်။ မောင်လည်း ကျွန်မကို သိပ်ချစ်မှန်း ကျွန်မ သိပါတယ်။ ဒါပေမယ့် ကျွန်မ မောင့်ကို စိတ်ချမ်းသာအောင် မထားမိဘူး…။ မောင်မကြိုက်တာတွေ ကျွန်မလုပ်တယ်။ မောင်က ကျွန်မကို ဘယ်တော့မှ စိတ်မဆိုးမှန်း သိတော့ ကျွန်မ မောင့်အပေါ် ပိုဆိုးမိတယ်။ မောင်လိုချင်တဲ့ ပုံစံမျိုး ကျွန်မ ဘယ်တော့မှ မနေခဲ့ဘူး။ မောင်က ဒီလို နေတာ မကြိုက်ဘူးဆိုရင် ကျွန်မက ပိုဆိုးတယ်။ စိတ်ဆိုးတိုင်းလဲ ကျွန်မကို လမ်းခွဲဖို့ အမြဲပြောလိုက်တယ်။ မောင်ဘယ်လိုမှ ကျွန်မကို လမ်းခွဲပေးမှာ မဟုတ်ဘူးဆိုတာ ကျွန်မ သိတယ်လေ။ ဒီစကားကို မောင်မကြိုက်မှန်းလဲ ကျွန်မသိတယ်။ ဒီစကားက မောင့်ကို နိုင်တဲ့ နိုင်ကွက်မှန်းလဲ ကျွန်မ ကောင်းကောင်း သိနေတော့ ကျွန်မ အမှားလုပ်ထားလဲ မကျေနပ်ရင် ဖြတ်လိုက်တော့ လို့ ကျွန်မပြောတတ်တယ်။ ဒီလိုပြောလိုက်ရင် မောင်က သူမမှားလဲ ကျွန်မကို အမြဲတောင်းပန်ခဲ့တယ်။ ကျွန်မ ဒါကိုကြိုက်တယ်။ ကျွန်မဒါကပျော်မိတယ်။ မောင်က ဒါမလုပ်နဲ့ မောင်မကြိုက်ဘူးလို့ ပြောရင် ကျွန်မကို ရှင်နဲ့ကျွန်မ လက်ထပ်ရသေးတာမှ မဟုတ်တာ ရှင်မှ ကျွန်မကို မပိုင်သေးတာလို့ ကျွန်မအမြဲပြောတတ်တယ်။ ပြောလိုက်တိုင်းလဲ မောင် နှုတ်ဆိတ်သွားတတ်တယ်။ မောင်က ကျွန်မကို သိပ်ချစ်တယ်။ အရမ်းလဲ အလိုလိုက်တယ်။ တစ်ခြား မိန်းခလေးတွေက ကျွန်မကို အားကျတယ်လို့ အမြဲပြောကြတယ်။ ဒါပေမယ့် ကျွန်မကတော့ ဒါမျိုးမထင်ခဲ့ဘူး။ မောင်ဘယ်လောက်ထိ ကျွန်မကို ဂရုစိုက်လဲဆိုရင် မောင်ဘယ်နေရာသွားသွား ကျွန်မဆီ လာပြောရင်ပြော မပြောနိုင်ရင်တောင် ဖုန်းဆက်တတ်တယ်။ ပြန်ရောက်ရင် လဲရောက်ကြောင်း ပြောတတ်တယ်။ ကျွန်မ သူငယ်ချင်းတွေက ပြောတယ်။ နင့်ကို အရမ်းအားကျတယ်တဲ့ သူတို့ ချစ်သူတွေဆို ဘယ်သွားလို့ သွားမှန်းမသိတဲ့ ပျောက်ပျောက် သွားတတ်လို့ စိတ်မချဘူး ဖြစ်နေကြတယ်တဲ့။ ဘာတွေကို သူတို့ အားကျနေလဲ ကျွန်မ မသိတော့ဘူး ဒီလောက် ခဏခဏ ဖုန်းတွေဆက်နေတာ ကျွန်မ စိတ်ပျက်တာအမှန်ပဲ။ ကျွန်မ ဘယ်သွားသွားလဲ မောင်က သူ့ဆီ ဖုန်းဆက်စေချင်တယ်။ ကျွန်မကလဲ လုံးဝမလုပ်နိုင်တဲ့ ကိစ္စပဲလို့ ပြောလိုက်တယ်။ မောင်က ထုံးစံအတိုင်း ဘာမှ ပြန်မပြောခဲ့ပါဘူး။ ဒီလိုနဲ့ မောင်နယ်ကို တာဝန်ကျလို့ ခွဲခဲ့ရတယ်။ ကျွန်မမောင့်ကို လွမ်းတယ်။ ဒါပေမယ့် ကျွန်မလွတ်လွတ် လပ်လပ် နေရတယ်။ ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့ ဟိုလိုမနေနဲ့ ဒီလိုမနေနဲ့ ဒါမစားနဲ့ မတဲ့ဘူးလေ ဘာဖြစ်တယ် ညာဖြစ်တယ် ပြောမယ့် လူတစ်ယောက် ကျွန်မနားမှာ မရှိတော့ ကျွန်မ ပေါ့ပါးသွားသလို ခံစားရတယ်။ မောင်သာ ကျွန်မနားမှာ မရှိတော့ရင် ကျွန်မ အရမ်းပျော်လိမ့်မယ် လို့ခံစားရတယ်။ မောင်ကတော့ နယ်တွေခြားသွားလဲ မောင်လုပ်နေကျ ပုံစံအတိုင်းပဲ အလုပ်ဝင်ခံနည်းတိုင်းလဲ ဖုန်းဆက်တယ်။ အလုပ်ပြီးရင်လဲ ဖုန်းဆက်တယ်။ ဖုန်းထဲကနေလဲ အရင်လို ဟိုဟာမလုပ်နဲ့ ဒီဟာ မလုပ်နဲ့ မှာနေတတ်တယ်။ ဒါပေမယ့် အရင်ကထက်ပိုဆိုးလာတယ်။ ကျွန်မကို စိတ်မချတဲ့ အကြောင်းတွေ ခဏခဏ ပြောတယ်။ ကျွန်မကို ဘာလို့ စိတ်မချတာလဲ မယုံတာလားလို့ မေးရင် မယုံတာမဟုတ်ပါဘူး။ ချစ်လွန်းလို့ သ၀န်တိုတာပါလို့ ပြောတတ်တယ်။ ကျွန်မကတော့ မထင်ပါဘူး မောင်ကျွန်မပေါ် ယုံကြည်မှု မရှိဘူးလို့ ထင်တယ်။
မနေ့ညက ကျွန်မအိပ်မက် မက်တယ်။ ကျွန်မ အိပ်ယာဘေးကို မောင်ရောက်လာတယ်။ မောင့်မျက်နှာက အရမ်း အပြစ်ကင်းစင်နေတယ် ကျွန်မ အပ်ယာဘေးမှာ ထိုင်ပြီး ကျွန်မ ပါးလေးကို ကိုင်ပြီး။ ကိုယ့်ကိုကိုယ် ဂရုစိုက်ပြီးနေဖို့ မှာတယ်။ နောက်ဆိုရင် မောင် ကျွန်မအနားမှာ အမြဲရှိနိုင်တော့မှာ မဟုတ်ဘူးလို့လဲပြောတယ်။ ပြီးတော့ မောင်ထထွက်သွားတယ်။ မောင်နောက်ကျောကို ကျွန်မမြင်နေရတယ်။ ကျွန်မဒီလိုမျိုးတော့ လက်ခံနိုင်ဖို့ အားမရှိပါ။ မောင့်ဘယ်သွားဖို့လဲ ကျွန်မဆီ ပြန်လာဖို့ အော်ခေါ်ပေမယ့်။ မောင်က ဝေးသထက်ဝေးပြီး ပျောက်သွားခဲ့တယ်။ ဒီအချိန်မှာ ကျွန်မ လန့်နိုးခဲ့တယ်။ ခုဆို ကျွန်မ အားလုံး သိသွားပါပြီ။ မောင့်ကို ကျွန်မ ဘယ်လိုမှ အဆုံးရှုံးမခံနိုင်ပါ။ ဒီနေ့မောင် ဖုန်းဆက်ရင် ကျွန်မ မလိမ္မာခဲ့တာတွေကို တောင်းပန်လိုက်မည်။ ကျွန်မလိမ္မာတော့မည့် မောင့်စကားများအားလုံးကို နားထောင်တော့မည်။ ဒီစကားကိုသာ ကြားရင် မောင်သိပ်ပျော်သွားမှာ ကျွန်မတွေးကြည့်ရုံနဲ့ ကျွန်မပါ ပျော်လာခဲ့တယ်။ မောင်ထားသွားတာ အိပ်မက်ဖြစ်နေလို့ တော်သေးတယ်။ မောင့်ကို လမ်းခွဲဖို့ ခဏခဏ ပြောခဲ့ပေမယ့်နဲ့ တကယ်တမ်း အိပ်မက်ထဲမှာ ခွဲရတာတောင် ကျွန်မမှာ ခံနိုင်ရည် မရှိခဲ့ဘူး။ ကျွန်မသိပါပြီ ကျွန်မမောင့်ကိုသိပ်ချစ်တယ်။
မနက်က ၈း၄၅ လောက်မှာ ဖုန်းလာတယ်။
မောင်ဖြစ်မှာ သေခြာတယ်။ မောင်အလုပ်ဝင်ရခါနီးတိုင်း မောင်ဆက်နေကျအချိန်လေ။ မောင်ဝမ်းသာစေမယ့် စကားတွေ ပြောဖို့ ကျွန်မ အားရပါးရဖုန်းကို ကိုင်ပြီး hello လို့ ချွဲပြီး ပြောလိုက်တယ်။ ဒါပေမယ့် တစ်ဖက်က ပြန်ထူးသံက မောင့် အသံမဟုတ်ပါ။ ကျွန်မရင်ကို ဓါးနဲ့ထိုးလိုက်သလို ခံစားလိုက်ရပါတယ်။ ကျွန်မ ဖုန်းကိုပြန်ချပြီး။ ခြေပြစ်လက်ပြစ်ထိုင် ချလိုက်တယ်။ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ စိတ်ထဲက ရေရွတ်လိုက်တယ်။ မောင့်အမေက ငိုပြီးပြောသွားတယ် မနေ့ညက ဆိုင်ကယ်မှောက်လို့ မောင်ဆုံးပြီတဲ့ ဘယ်လိုမှ မဖြစ်နိုင်ပါ။ မောင်ကျွန်မကို ဘယ်တော့မှ ခွဲသွားမှာ မဟုတ်ဘူးလို့ ကျွန်မယုံတယ်။ ဘယ်လိုမှ မဖြစ်နိုင်ပါ။ မောင့်အတွက် ၀မ်းသားစရာ စကားတွေ ပြောပြဖို့ ကျွန်မမှာ ရှိသေးတယ်။ မောင့်ကို တစ်ခါမှ စိတ်ချမ်းသာအောင် မထားခဲ့ဖူးတဲ့ ကျွန်မ အခု မောင့်ကို စိတ်ချမ်းသာအောင် ထားဖို့ ဆုံးဖြတ်ပြီးပြီ ဆိုတာ မောင့်ကို သိစေချင်တယ်။ နောက်ဆိုရင် မောင်နဲ့ အမြဲတမ်း အဆင်ပြေအောင် နေတော့မယ်လို့ ဆုံးဖြတ်ထားတာတွေ မောင့်ကို ပြောပြချင်တယ်။ သူများတွေ ပိုလို့ပိုလို့ အားကျရတဲ့ အတွဲ ဖြစ်လာမှာသေခြာတယ်။ မောင်ဒါတွေကို သိရင် သိပ်ဝမ်းသာမှာ မောင်ကျွန်မကို ဘာမှမပြောပဲ ထားခဲ့မှာ မဟုတ်လောက်ဘူး။ ဒါဆို မနေ့ညက အိပ်မက်ပဲလား ဒါမှဟုတ် မောင်အကျင့်တိုင်း နောက်ဆုံး အချိန်ထိ ကျွန်မကို လာပြောပြသွားသေးတာလား။ ကျွန်မဘာလုပ်ရမလဲ ဒါတွေအားလုံး အိပ်မက်ဆိုးကြီးပဲဖြစ်ပါစေ ကျွန်မကို အိပ်မက်ဆိုးထဲကနေ တစ်ယောက်ယောက် လှုပ်နှိုးပေးကြပါ။ ကျမ ငိုနေတာတွေကို သူသိနိုင်တော့မှာလား .. ။
လမင်းကိုကို
No comments:
Post a Comment